မေတ္တာရပ်ခံတောင်းပန်ခြင်း

မေတ္တာဂေဟာ ဤ၀က်ဆိုက်သည် မောင်ချက်မိန်း၏ ကိုယ်ပိုင်ဝက်ဆိုက်အဖြင့် တည်ထောင်ထားခြင်းဖြစ်ပါသည်။ မည်သည့် အဖွဲ့အစည်း၊ အသင်းပုဂ္ဂလများနှင့်သော်လည်း၊ မည်သည့်ဝါဒရေးရာသော်လည်းကောင်း ပါဝင် ပတ်သက်ဆက်နွယ်ခြင်းမရှိပါ။ထို့ကြောင့် ဤစာပေရေးသားခြင်း၊ပြောဆိုခြင်း များအားမပြုလုပ်ပါရန် မေတ္တာရပ်ခံတောင်းပန်အပ်ပါသည်။ ရောက်ရှိလာသောသူငယ်ချင်းအားလုံး မေတ္တာပန်းများ ဝေဆာတင့်ဆန်း လန်းဆန်းနိုင်ကြပါစေ။ မေတ္တာဂေဟာသို့ လာကြည့်သူအပေါင်းအား ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊...

မေတ္တာဂေဟာမှနွေးထွေးစွာကြိုဆိုပါတယ်..

မေတ္တာဂေဟာကနေကြိုဆိုပါတယ် သူငယ်ချင်းတို့ရေ..လမ်းမှားရင်းနဲ့ပဲ အဖွဲ့လေးတော့ ၀င်ပေးပါအုံးနော်..

Saturday, 2 June 2012

Views
Mgchatmain(မောင်ချက်မိန်း) | 21:48 | Best Blogger Tips
စလုံးအကြီးအသေးပြောင်းရန်

                                                 မင်းသမီးကြီးအမေထွေးလေး         


မန်မာ့ ဇာတ်သဘင် လောကတွင် မယင်းတော်၊ မကွမ်းငုံ၊ ဆင်ခိုးမလေးတို့ ပေါ်ပေါက်ခဲ့သည့် ခေတ်ကို ပထမ သဘင်ခေတ်ဟု ခေါ်ဆိုကြ၏။ ယင်းခေတ်တွင် မြေဝိုင်း ဇာတ်သဘင်အဖွဲ့များ ထင်ရှား ခဲ့ကြသည်။ ဒုတိယ ဇာတ်သဘင်ခေတ်ဟု ခေါ်ဆိုရမည့် ကိုဘိုးကွန်း၊ မထွေးလေး၊ ဖိုးစိန်၊ အောင်ဗလတို့ ခေတ်တွင် မြေဝိုင်းဇာတ် ကပြကြရာမှ စင်ပေါ်သို့ တက်လာကြ၏။ ဤတွင် ဇာတ်သဘင် လောကကို တခေတ် ဆန်းသစ်စေခဲ့သူမှာ မင်းသမီး မထွေးလေး ဖြစ်ပါသည်။
ဒုတိယ သဘင်ခေတ်ကို ဆန်းသစ်စေခဲ့သူ မင်းသမီး မထွေးလေး.......


မထွေးလေး၏ အတ္တုပ္ပတ္ထိ



မထွေးလေး၏ အမည်ရင်းမှာ ခင်ထွေး ဖြစ်သည်။ သူ့ကို ကျောက်ဆည်ခရိုင်၊ အိုးတုတ်ကုန်းရွာ၌ ဘိုးတော်ဘုရား၏ မြေးတော် မင်းသီဟနှင့် ဒေါ်မမကြီးတို့မှ ၁၈၆၇ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ငယ်စဉ်က ရတနာပုံ နန်းတွင်း၌ မိဖုရားခေါင် စုဖုရားလတ်၏ အပျိုတော် အဖြစ် ခစား ခဲ့ဖူးသည်။ နန်းတွင်းတွင် အသက်အငယ်ဆုံး အပျိုတော် ဖြစ်သဖြင့် သူ့ကို "ထွေးလေး" ဟု ခေါ်ဆိုကြသည်။ ထွေးလေးသည် ငယ်စဉ်ကပင် သဘင်ဂီတ၌ ဝါသနာ ထုံခဲ့ရာ ဖခင် ဖြစ်သူက နန်းတွင်း သဘင်ပညာရှင်များထံ အပ်နှံ ပေးခဲ့သည်။ ဤသို့ဖြင့် အသက် ၁၁ နှစ် သမီး အရွယ်တွင် မထွေးလေး နန်းတွင်း အငြိမ့်လောကသို့ ရောက်ရှိခဲ့ရသည်။


နန်းတွင်း၌ ဖျော်ဖြေစဉ် အသက် ၁၄ နှစ် အရွယ်တွင်ပင် ရနောင်မောင်မောင်တုတ်၏ သိမ်းပိုက်ခြင်းကို ခံရ၏။ သို့သော် ရနောင်မောင်မောင်တုတ် ရာဇဝတ် သင့်ခဲ့ပြီးနောက် မထွေးလေး ရွှေဘိုသို့ ထွက်ပြေးကာ သွေတ္ထိရွာသို့ သွားရောက် ပုန်းအောင်းနေသည်။ အခြေအနေများ တည်ငြိမ် အေးချမ်းသွားသော အခါမှ မန္တလေးသို့ ပြန်လာခဲ့၏။ မကြာမီ သီပေါမင်း၏ သားတော် ရွှေကိုယ်တော်ကြီး ဖွားမြင်သဖြင့် ဧယဉ်ကျူးရန် မထွေးလေးကို လိုက်လံ ရှာဖွေကြရာမှ နန်းတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ မထွေးလေးသည် နန်းတွင်း၌ သဘင် ပညာရှင် ကိုဘိုးကွန်းနှင့် တွဲဖက် ကပြ ခဲ့ရသည်။ များမကြာမီ ကိုဘိုးကွန်းနှင့် ဒုတိယအိမ်ထောင် ထူဖြစ်ခဲ့၏။


ဒုတိယအိမ်ထောင်



မထွေးလေး၏ ဒုတိယမြောက် ခင်ပွန်း ကိုဘိုးကွန်းမှာ မန္တလေး အရှေ့ဘက် ကျောက်မီးရွာသား ဖြစ်သည်။ ကိုဘိုးကွန်းနှင့် မထွေးလေးတို့မှာ အတွဲညီလှ၏။ မထွေးလေးသည် သီပေါမင်း ပါတော်မူ သွားပြီးနောက် စင်တော်ကလေး မင်းသမီး အဖြစ် လှည့်လည် ကပြစဉ် ၁၈၈၆ ခုနှစ်၌ ကိုဘိုးကွန်းနှင့် အကြောင်း ပါခဲ့ရခြင်း ဖြစ်သည်။ ကိုဘိုးကွန်းမှာ အိမ်ထောင် ရှိသည်ဟုလည်း ဆိုကြ၏။ ကိုဘိုးကွန်းနှင့် မထွေးလေးတို့ အတွဲမှာ လူကြိုက်များလှ သဖြင့် ချက်ချင်းပင် နာမည်ကြီး လာခဲ့သည်။ မထွေးလေးတို့သည် ကိုလိုနီခေတ်ဦး ကာလ၌ပင် မြေဝိုင်းအဆင့်မှ ဇာတ်စင်ထက်သို့ တက်၍ ကပြ လာကြသည်။ ကိုဘိုးကွန်းနှင့် မထွေးလေးတို့ ဇာတ်အား နောင်နာမည်ကြီး ဇာတ်မင်းသား ဖိုးစိန် ဖြစ်လာမည့် မောင်စိန်က မိဘများ သဖွယ် ပြုစု စောင့်ရှောက် ပံ့ပိုးပေးရင်း ပညာယူခဲ့သည်။ ဖိုးစိန်၏ ပံ့ပိုးမှုကြောင့်ပင် ယခင်က လသာ မီးအိမ်ဖြင့် ကပြကြရာမှ အောက်လင်း လက်ဆွဲ ဓာတ်မီးကို သုံးလာနိုင်ခဲ့၏။


 အောက်ပြည်အောက်ရွာ



မထွေးလေးနှင့် ကိုဘိုးကွန်းတို့သည် အောက်ပြည် အောက်ရွာသို့ လှည့်လည် ကပြကြရာ ပွဲကြည့် ပရိသတ်က တခဲနက် အားပေး ခဲ့ကြသည်။ မထွေးလေးမှာ ငယ်စဉ် နန်းတွင်း အပျိုတော် ဘဝက မိဖုဘုရားကြီး စုဖုရားလတ် သင်ပေး၍ စာ အနည်းငယ် ရေးတတ်၊ ဖတ်တတ် ရှိခဲ့၏။ သို့သော် မိဖုရားကြီးက စိတ်ရှည်သူ မဟုတ်သဖြင့် ကြာရှည် မသင်ခဲ့ရဟု ဆိုပါသည်။ စာကောင်းစွာ မတတ်သဖြင့် မထွေးလေးက သီချင်း စာသားများကို နှုတ်တိုက် အလွတ် ရွတ်ဆို ကျက်မှတ်ရ၏။ တခါတရံ ကန့်လန့်ကာ နောက်ကွယ်မှ တစုံတယောက်က ဇာတ်စာ၊ ဇာတ်သီချင်းတို့ကို ခပ်တိုးတိုး ဖတ်ပြရသည် ဟုလည်း ဆိုပါသည်။

 ကိန္နရာကကြိုး



မထွေးလေးသည် ကိုဘိုးကွန်းနှင့် အရပ်တကာ လှည့်လည် ကပြရာ၌ ဒွေးမယ်နော် ဇာတ်မှာ လူကြိုက် များလှပါသည်။ မထွေးလေး၏ ကိန္နရာ ကကြိုးမှာ ပရိသတ်များအား စွဲငြိ စေခဲ့သည်။ မထွေးလေးက ကိန္နရာ သဏ္ဌာန် ဆင်ယင်လျက် "ဖီလာမြောင်ကာ စီးပါလို့၊ တောင်ကြီးရယ် ညိုညို၊ အလွမ်းရယ်ပို၊ လေချိုရယ်မှ သွေးတယ် သွေးတယ်" စသဖြင့် တေးချင်း သီဆိုကာ ငှက်အသွင် ပျံ့ကမည့်ဟန် စင်ပေါ်သို့ တက်လာပါသည်။ မထွေးလေးသည် ဇာတ်စင် အလယ်၌ ရပ်ရင်း ဇာတ်ချင်း သီဆိုလျှက်ပင် ကိုယ်ဟန် တောင့်တောင့်ကြီး မနေဘဲ ခြေတဖက်ကို အားပြုကာ ကနွဲ့ကလျ ရပ်နေတတ်၏။ မထွေးလေး၏ ကိန္နရာ ကဟန်ကို သဘင် ပညာသည်များ မည်သူမျှ မီအောင်တု၍ မကနိုင်ဟု ဆိုကြသည်။ မထွေးလေးသည် ဒွေးမယ်နော် ဇာတ်၌သာ မဟုတ်။ ရွှေဖျဉ်းညီနောင် ဇာတ်၌လည်း ပရိသတ် ရင်ထဲ စွဲငြိ စေခဲ့သည်။


 ပဋာစာရီဇာတ်



မထွေးလေး၏ ပဋာစာရီ ဇာတ်ထုပ်ကို ကြည့်သူအများ မျက်ရည်ဖြိုင်ဖြိုင် ကျကြရသည် ဆို၏။ မထွေးလေး၏ အငို တပိုဒ်၊ အပြော တပိုဒ်ဖြင့် စိတ်မနှံ့သူ တဦး သဏ္ဌာန် သရုပ်ဆောင်ဟန်၊ စိတ်ပြန်လည် လာဟန်တို့မှာ တန်ရုံ ပညာသည်များ လိုက်လံ တုပ၍ မကနိုင်ကြပေ။ ဤ ပဋာစာရီ စိတ်ဖောက်ပြန်ခန်းကို ရုပ်သေးမင်းသမီး အမေပု၊ ထားဝယ်ပြန် မစိန်ခင်နှင့် မထွေးလေးတို့သာ နိုင်နင်းသည် ဆိုပါသည်။ ပဋာစာရီ ဇာတ်ကို မထွေးလေး မရှိသည့်နောက် မင်းသမီး ဧလာအောင်သိန်းမြိုင် တဦးသာ ကပြနိုင်ကြောင်းလည်း အမှတ်အသား ရှိ၏။


မထွေးလေးက လူကြီး ပရိသတ်၊ လူငယ် ပရိသတ် အစုံကို မပဋာ မြေလူးခန်းဖြင့် ထိန်းထားနိုင်၏။ နောက်ပိုင်း သွက်သွက်ခါအောင် စိတ်ဖောက်ပြန် သွားသည့်နှယ် အောက်ပိုင်း ဗလာဟန်ဖြင့် (ဘောင်ရာ ဆောင်ဒင် ကုန်တိုက်ကြီးမှ ဝယ်ယူလာသော အသားကပ် ဘောင်းဘီကိုသာ ဝတ်ဆင်လျက်) ကားလိပ် အတွင်းသို့ ပြေးဝင် သွားပုံမှာ ထိုခေတ် ကာလသားတို့ အကြိုက်ပင် ဖြစ်သည် ဆိုပါသည်။ ကိုဘိုးကွန်းနှင့် မထွေးလေးတို့ အရပ်တကာ လှည့်လည် ကပြရင်းပင် ငသိုင်းချောင်း လေးမျက်နှာဘက်၌ ကိုဘိုးကွန်း ကွယ်လွန် သွားပါသည်။ မထွေးလေး အဖို့ ကိုဘိုးကွန်းနှင့် တွဲဖက် ကပြရသည့် အရွယ်မှာ အရွယ်ကောင်း ဖြစ်ပြီး အအောင်မြင်ဆုံး၊ ဝင်ငွေ အရဆုံး အချိန် ဖြစ်သည် ဆို၏။


 အီကင်းကိုမောင်ကြီး



ကိုဘိုးကွန်းနှင့် အနှစ် ၂၀ တွဲခဲ့ပြီးနောက် ကိုဘိုးကွန်း ကွယ်လွန်သွားရာ မထွေးလေး အီကင်း ကိုမောင်ကြီးနှင့် တွဲဖက် ကပြရ၏။ ယင်းသို့ ကပြရင်းပင် ကိုမောင်ကြီးနှင့် တတိယ အိမ်ထောင် ပြုဖြစ်ခဲ့သည်။ အီကင်းကိုမောင်ကြီးက အစုအဆောင်း ကောင်းသည်။ ရသမျှ ပိုက်ဆံကို စု၍ မန္တလေး တောင်ခြေ သစ်ဆိမ့်ကျောင်း တိုက်ကြီး အတွင်း ကျောင်းတဆောင် ဆောက်လုပ် လှူဒါန်းကာ ကျောင်းတကာ၊ ကျောင်းအစ်မများ အဖြစ် ခံယူကြသည်။ ယခင်က မင်းသမီး မထွေးလေးသည် မန္တလေးမြို့ ၈၂ လမ်းနှင့် ၃၄ လမ်းထောင့်၌ နေထိုင်ရာမှ အီကင်း ကိုမောင်ကြီးနှင့် အကြောင်းပါသော အခါ ကယ်လီကျောင်း နောက်ဘက် ကပ်လျက်ရှိ ထီးဝင်းသို့ ပြောင်းရွှေ့ နေထိုင်သည်။ ကိုမောင်ကြီးနှင့် ပေါင်းသင်း နေထိုင်ရာမှ ၁၉၁၉ ခုနှစ်၌ စဥ့်ကိုင်မြို့တွင် ဖျော်ဖြေပြီး အပြန် ကိုမောင်ကြီး ငှက်ဖျား ရောဂါဖြင့် ကွယ်လွန် သွားပါသည်။


 လောကတန်ဆောင် စေတီ



မင်းသမီး မထွေးလေးသည် အီကင်းကိုမောင်ကြီး ကွယ်လွန် သွားပြီးနောက် သတိ သံဝေဂ ရရှိသွားဟန် တူပါသည်။ အသက် ၅၀ ခန့် တတိယ အရွယ်သို့ ရောက်ရှိ နေပြီမို့လည်း ဘာသာရေးကို ပိုမို လိုက်စားလာ၏။ ရှိသမျှ ငွေကြေး ဥစ္စာတို့ဖြင့် မန္တလေး တောင်ခြေ သစ်ဆိမ့်တိုက် အတွင်း၌ လောကတန်ဆောင် စေတီတော်ကို တည်ထား ကိုးကွယ်၏။ စေတီတော် မြောက်ဘက်တွင် ကျောက်စာ ရေးထိုးထားရှိရာ စေတီတော်အား ၁၇ ဖေဖော်ဝါရီ ၁၉၂၁ တွင် ဖိနပ်တော် အချင်း ၂၆ တောင် တထွာ၊ ဉာဏ်တော် ၃၇ တောင် ထားရှိ တည်ခဲ့ကြောင်း၊ တံတိုင်း မီးတားနှင့် တကွ ငွေနှစ်သောင်းကျော် ကုန်ကျခဲ့ကြောင်း ဖော်ပြ ရေးထိုး ထားပါသည်။ မထွေးလေးက ကျောက်စာ၌ မိမိ၏ အမည်ကို "ကျောင်းအစ်မ မခင်ထွေး" ဟူ၍သာ ဖော်ပြ ရေးထိုးခဲ့သည်။ စေတီတော် တည်ရင်း ငွေပြတ်သွား သဖြင့် ဆိုင်းတန်းရုံ၌ အလှူငွေ အဖြစ် ကပြ ခဲ့ရသေးသည်။

 မထွေးလေးကို ထောက်ပံ့ခဲ့ကြသူများ



မင်းသမီး မထွေးလေး ဟူ၍ နာမည် ကျော်ကြားစေရေး အတွက် ထောက်ပံ့ ပေးခဲ့ကြ သူများထဲတွင် ရုပ်သေးမင်းသမီး ဆရာပုကြီးနှင့် မထွေးလေး၏ ခင်ပွန်း အီကင်းကိုမောင်ကြီး ညီ၏ ဇနီး ဒေါ်အုံ ဆိုသူတို့ ပါဝင်ပါသည်။ ဆရာပုကြီးမှာ ရုပ်သေးမင်းသမီး ဖြစ်ပြီး သီပေါမင်း၏ နေမျိုးသီရိမဓုသဒ္ဒ ရွှေတောင်ဘွဲ့ ပေးအပ် ချီးမြှင့်ခံခဲ့ရသူ ဖြစ်သည်။ ရုပ်သေးစင်ထက်တွင် မင်းသမီး အဖြစ် အသံဖြင့် သရုပ်ဆောင်ရသူ ဖြစ်ရာ ရုပ်သေးမင်းသမီး ဆရာပုကြီးဟု လည်းကောင်း၊ အမေပုဟု လည်းကောင်း ထင်ရှားခဲ့၏။ သီပေါမင်းက ဆရာပုကြီးအား မြင်းခြံခရိုင် သမုန်းကိုင်း ၁၂ ရွာကို ရွာစား အဖြစ် ပေးအပ်ခဲ့၏။ "အဆိုတွင် ဆရာပု၊ အပြောတွင် ကိုဖူးညို" ဟု စာဆို ရှိသည့်အတိုင်း အဆို ပိုင်လှသည့် ဆရာပုထံမှ မထွေးလေး များစွာ သင်ယူ လေ့လာခဲ့သည်။ ထို့ပြင် မထွေးလေးမှာ စာကောင်းစွာ တတ်သူ မဟုတ်သဖြင့် ကိုမောင်ကြီး ညီ၏ ဇနီးဒေါ်အုံက ကန့်လန့်ကာကြားမှ စာထောက် ပေးခဲ့ရလေ့ ရှိသည်ဟု ဆို၏။


 စတုတ္ထအိမ်ထောင်



မထွေးလေးသည် အီကင်းကို မောင်ကြီး ကွယ်လွန် သွားပြီးနောက် မင်းသမီး ဘဝကို ချက်ချင်း မစွန့်လွှတ် နိုင်ခဲ့သေးပေ။ သို့ဖြင့် မင်းသား ကိုစိန်ခိုနှင့် တွဲဖက် ကပြ ခဲ့ပြန်သည်။ သို့သော် ကြာရှည် တွဲဖက် ကပြနိုင်သည်တော့ မဟုတ်ပေ။ အသက်လည်း ၅၀ ကျော် အရွယ် ရှိပြီမို့ ငယ်စဉ်ကကဲ့သို့ ကောင်းစွာ မကနိုင်တော့။ ဒေါ်ထွေးလေးအား ဇာတ်မင်းသား ကိုဖိုးစိန်က ထောက်ပံ့ပေးသည်။ တကြိမ်တွင် စစ်ကိုင်း၌ အလှူ ရှိသည်ဆို၍ ထိုင်ဆို မင်းသမီး အဖြစ် လိုက်သွားသည်။ ထို၌ တံတားဦးမြို့မှ ဇီးကန်တောင်ပြုန်း သူကြီး ဦးကြာညိုနှင့် တွေ့ကာ ဖူးစာဆုံခဲ့ရ ပြန်သည်။ ဒေါ်ထွေးလေးသည် ဦးကြာညိုနှင့် သုံးနှစ်ခန့် ပေါင်းသင်း နေထိုင်စဉ် အတွင်း သူဝါသနာပါရာ အဆို အက အလုပ်ဟူသမျှကို စွန့်လွှတ် လိုက်ရတော့၏။

 

ဘဝနိဂုံး



ဒေါ်ထွေးလေးသည် ဦးကြာညိုနှင့် ပေါင်းသင်း နေထိုင်ရင်း အသက် ၆၁ နှစ် အရွယ်တွင် ဇီးကန်တောင်ပြုန်း၌ပင် ကွယ်လွန် သွားပါသည်။ ဒေါ်ထွေးလေး၏ ရုပ်ကလာပ်အား တံတားဦး မြင်းဝန်သုသာန်၌ သင်္ဂြိုဟ် ခဲ့ကြသည်။ ဂူသွင်း သင်္ဂြိုဟ်ခြင်း မဟုတ်သဖြင့် နေရာ အမှတ်အသားပင် မကျန်ရစ်တော့ပေ။ မင်းသမီး ဒေါ်ထွေးလေးသည် သားသမီးထွန်း ကားခြင်း မရှိဘဲ လောကတန်ဆောင် စေတီ တည်စဉ်က တွေ့ခဲ့ရသည့် မလွန်းမယ် အမည်ရှိ မိန်းကလေး တဦးကို မွေးစားခဲ့ရာမှာလည်း ငယ်စဉ်ကပင် ကွယ်လွန် ခဲ့သည် ဆိုပါသည်။ ဒေါ်ထွေးလေး ကွယ်လွန် သွားပြီးနောက် သူ၏ သဘင်ပညာကို ဆက်ခံ ရရှိခဲ့သူ ဟူ၍ ဒေါ်သြဘာသောင်း တဦးသာရှိကြောင်း အမှတ်အသား ရှိကြ၏။


ကျမ်းကိုး


 တင်နိုင်တိုး၏ "ဒုတိယ သဘင်ခေတ်ကို ဆန်းသစ်စေခဲ့သူ မင်းသမီး မထွေးလေး" အကြောင်း ရုပ်ပုံလွှာ အဖွဲ့အနွဲ့ကို Weekly Eleven News Journal - No. 22, Vol. 4, March 11 Wednesday, 2009


* မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)။
* သတင်းကြီးသည့် မင်းသမီး (လူထု ဒေါ်အမာ) မန္တလေးမြို့တည် နှစ် တရာပြည့် အထိမ်းအမှတ် မဂ္ဂဇင်း။
* ပြည်သူချစ်သော အနုပညာသည်များ (လူထုဒေါ်အမာ)။ 
ဤမေးမှတဆင့်ထပ်ဆင့်တင်ထားပါသည်။

0 ဦးမှတ်ချက်ရေးသည်။:

Post a Comment

မှတ်ချက်ပေးရန်နေရာ

ယောက်ကြည့်နေပါတယ်။
^ အပေါ်သို့